""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Tuesday, July 21, 2009

ဘူတာ

အမှန်တော့ကျွန်တော်တို့ ဟာ ခရီးရှည်ကြီးတစ်ခုကို
မီးရထားစီးပြီးသွားနေကြတဲ့ ခရီးသည်တွေနဲ့  အလားသဏ္ဍာန်
တူလွန်းလှပါတယ်..
ရထားပြတင်းကနေ လှမ်းမြင်ရတာတွေက ရိပ်ခနဲရိပ်ခနဲ။
ရထားလမ်းနဲ့ အပြိုင် ပြေးနေတဲ့အဝေးပြေးလမ်းပေါ်က
ကားတွေ၊လမ်းဆုံမှာတွေ့ ရတဲ့ ကလေးတွေက
လှမ်းလက်ပြနေ၊ဟိုးခပ်ဝေးဝေးကတောင်ခြေမှာ
ကျွဲတွေ၊နွားတွေ၊မြက်စားနေကြ၊စက်ရုံအလုပ်ရုံတွေက
မီးခိုးတစ်လူလူ၊တစ်မျှော်တစ်ခေါ်စိုပြည်လွင်နေတဲ့
လယ်ကွင်းတွေ၊တောင်ကုန်းတွေ၊ချိုင့်ဝှမ်းတွေ၊လွင်ပြင်တွေ
မြို့ တွေ၊ရွာတွေ........အစုံအစုံမြင်ရတယ်။
ကျွန်တော်တို့ ရဲ့ စိတ်ထဲမှာတော့ တစ်ချိန်ကျရင်
ခရီးဆုံးဘူတာကိုဆိုက်လိမ့်မယ်ဆိုတဲ့ အသိလေးနဲ့ ရယ်။
အဲသည့်ဘူတာကိုရောက်ရင်တော့ ဆိုင်းနဲ့ ဝိုင်းနဲ့ 
တံခွန်တွေ၊အလံတွေနဲ့ ဆီးကြိုနေမယ့်သူတွေက
အဆင်သင့်။ဘူတာကိုဆိုက်ပြီဆိုရင်ဖြင့်မျှော်လင့်ချက်ဟူသမျှ
လိုလားချက်ဟူသမျှ၊တောင့်တထားခဲ့လေသမျှ
တစ်လုံးတစ်ဝတည်းပြည့်စုံတော့မယ်။
တစ်စစီကျဲပြန့် နေတဲ့ဘဝကြီးကလဲသူဟာလေးနဲ့ သူ
အံဝင်ခွင်ကျနဲ့  နေသားကျသွားတော့မယ်။
အဲသလိုနားလည်ထားတယ်။
သည်လိုနဲ့ ပဲ ကျွန်တော်တို့ ဟာရထားတွဲ
ထိုင်ခုံတန်းနှစ်ခုကြားကလူသွားလမ်းလေးမှာမနားတမ်းလျှောက်ရင်း
တစ်ခါတစ်လေကျတော့လဲရောက်ခဲလှချေရဲ့ လို့ 
တွေးလားတွေးရဲ့ ။တစ်ချိန်မှာတော့ မလွဲမသွေ
ဆိုက်မှာပါဆိုတဲ့ အတွေးလေးနဲ့ လှမ်းမျှော်လားမျှော်ရဲ့ ။
ဒါတင်ဘယ်ကပါလိမ့်မလဲ။
"ဘူတာကိုဆိုက်လို့ ကတော့ကွာ....."လို့ လဲကြုံးဝါးလိုက်မိရဲ့ ။
သည်လိုနဲ့ ...."၁၈ နှစ်ပြည့်လို့ ကတော့ကွာ......."
"တိုက်ဆောက်ပြီးလို့ ကတော့ကွာ....."
"လယ်(န်)ခရူဇာ ဆစ်ဂနပ်(စ်)ဝယ်ပြီးလို့ ကတော့ကွာ....."
"အငယ်ဆုံးကောင် တက္ကသိုလ်ရောက်လို့ ကတော့ကွာ......"
"ကြွေးတွေကျေလို့ ကတော့ကွာ......"
"ရာထူးတက်လို့ ကတော့ကွာ......."
"အငြိမ်းစားယူတဲ့အခါကျရင်တော့ကွာ..............."
သည် ".....အခါကျရင်တော့ကွာ"တွေမှာဖြင့်
ကျွန်တော်တို့ တွေဟာဘဝကိုပျော်ရွှင်ချမ်းမြေ့ စွာ
ဖြတ်သန်းကျော်လွှားရင်းနဲ့  နားနားနေနေ နေရပေတော့မယ်လို့ 
အောက်မေ့ထားကြသူချည်းပါပဲ။တစ်နည်းအားဖြင့်ကျွန်တော်တို့ တွေ
မှန်းထားတဲ့ ခရီးဘူတာကိုဆိုက်လို့ ကတော့အပီနားလိုက်မဟဲ့၊
အဝပျော်လိုက်မဟဲ့လို့ တွေးထားကြတယ်။
ဒါပေမယ့်ဘဝခရီးမှာ ခရီးဆုံးဘူတာမရှိဘူးဆိုတာ
အသက်ကလေးအတော်ရတော့မှ သတိထားမိလာတယ်။
၁၈ နှစ်ပြည့်ရင် မင်းနေချင်သလိုနေနိုင်ပြီလို့ အဖေကပြေတယ်။
၁၈ နှစ်ကလည်းပြည့်ခဲလိုက်တာနော်လို့ တွေးနေရင်းပဲ
၁၈ နှစ်ကိုကျော်လို့ လာ။သြော်....ဘဝဆိုတာ
နေချင်သလို နေလို့ မရမှန်းအဲသည့်ရွှေ၁၈နှစ်ကို
ဖြတ်ကျော်နေရင်းနဲ့ ပဲ ရိပ်စားမိလာရပါရောလား။
ဘွဲ့ ရရင်တော့ကိစ္စပြီးပြီလို့ တွေးလိုက်မိတယ်။
ဒါပေမယ့်တက္ကသိုလ်တက်နေခိုက်မှာပဲ ပညာဆိုတာ
အဆုံးမရှိဘူးလို့ သိလာရပြန်ရော။
အလုပ်ရရင်၊ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ်နေနိုင်ရင်
အတော်နိပ်ပြီလို့ အောက်မေ့တယ်။ဘယ်ဟုတ်မလဲ၊
ရေခဲသေတ္တာလေးလောက်တော့ လိုချင်လာ၊
ရေခဲသေတ္တာရတော့အပေါ်စက်
အောက်စက်လေးဆီစိတ်ကရောက်၊အပေါ်စက်အောက်စက်ကလေး
ရလာပြန်တော့ လေအေးစက်ကလေးစဉ်းစား.....
ကိုယ့်မိသားစုနဲ့ ကိုယ် အိမ်ကလေးတစ်လုံးလောက်ဌားနေနိုင်ရင်ကို
အတော်ဟန်ကျပြီလို့ မှတ်။တကယ်နေနိုင်တော့
အပိုင်ဝယ်နိုင်ဖို့ မျှော်ကိုး။အပိုင်ရပြန်တော့သားသမီးတွေအတွက်ပါ
တစ်လုံးစီ ရှိနေမှဖြစ်မှာလို့ တွေး...............
တကယ်တော့ဘယ်သူ့ ဘယ်သူမှက်ုယ်မျှော်မှန်းထားတဲ့ ခရီးဆုံး
ဘူတာဆီ ရောက်ခဲ့ရိုးထုံးစံကိုမရှိပါလားကွယ်ရို့ ။
အင်း........ဘဝဆိုတာကလည်းအဲလိုသွားနေရတာလေးကိုပဲ
ပျော်နေရမယ့် အမျိုးကလား။
လမ်းဆုံးဘူတာဆိုတာက အိပ်မက်သက်သက်။
ဘဝဘူတာဆိုတာကလိုက်လေဝေးလေ။
ပစ္စုပ္ပန်တည့်တည့်ရှု ဆိုတဲ့လောကုတ္တရာစကားကို
လောကီမှာ ချသုံးရင်ကောင်းမယ်ထင်ပါ့။
ပစ္စုပ္ပန်လေးကိုပဲတလေးတစားတန်ဖိုးထားတာအကောင်းဆုံးပါပဲလေ။
အင်း.........တကယ်တော့လည်းပစ္စုပ္ပန်၊လတ်တလောမှာ
ထမ်းထားရတဲ့ဝန်တာတွေကြောင့်လူတွေ
စိတ်ဆင်းရဲနေရတာမဟုတ်ဘူး။မနေ့ က၊
အတိတ်က ကိစ္စတွေအတွက် နောင်တနဲ့  မနက်ဖြန်
အနာဂတ်အတွက် စိုးရိမ်မှူတွေနဲ့ ပဲ စိတ်နှလုံးတွေ
ညှိုးချုံးရ၊စိတ်ပင်ပန်းရ၊စိတ်ဆင်းရဲရ၊သောက ရောက်ရဖြစ်နေတာပါ။
အင်း.....နောင်တနဲ့ စိုးရမ်မှုဆိုတဲ့ ဓားပြ
အမွှာညီနောက်ကသာ ကနေ့ သာလတ်သလောမှာရှိနေတဲ့
ကျွန်တော်တို့ ရဲ့ စိတ်တွေကိုအတင်းလုယက်ယူနေကြတာကလား။
အင်း..........မဖြစ်ဘူး၊မဖြစ်ချေဘူး။
ရထားတွဲ ထိုင်ခုံတန်းနှစ်ခုကြားက လူသွားလမ်းလေးမှာ
မနားတမ်း လမ်းလျှောက်ရင်း ရောက်နိုးရောက်နိုးနဲ့ 
ကျန်နေသေးတဲ့ ခရီးမိုင်တွေကို တွက်ဆတဲ့အကျင့်ဆိုးကြီးကိုရပ်တန်းကရပ်မှ။
တောင်တွေ အထက်ထပ် တက်မယ်။ကြိုက်တာလေးတွေ
ဖိစားလိုက်မယ်။ဖိနပ်မပါ ခြေဗလာနဲ့ ခရီးပေါက်သလောက် ဖိသွားမယ်။
မြစ်ချောင်း အင်းအိုင်တွေကိုလည်းဖိကူးရင်းကျော်လွှားသွားလိုက်ဦးမယ်။
ဆည်းဆာရဲ့ အလှတွေကိုလည်းဖိခံစားလိုက်ဦးမယ်။
ဖိလည်းရယ်လိုက်ဦးမယ်။ငိုတာ၊ညည်းတာတွေ အကုန်လုံးပါးသွားအောင်
တအားလျှော့ချပစ်လိုက်စမ်းမယ်။
ဘဝဆိုတာ အသက်ရှင်နေတာ ၊အသက်ရှိနေတာကိုခေါ်တာပါ။
သွားသွားလာလာ ရှိနေမှ အသက်ကလည်းရှင်နေ၊ရှိနေမှာ။
အဲတော့သွားရင်းလာရင်းနဲ့ ပဲပျော်ပျော်နေလိုက်တော့မယ်။
ဘူတာလား.............
အချိန်တန်ရင်တော့ သည်ဘူတာပဲဆိုက်မှာပါလေ။

2 comments:

Anonymous said...

စာသားတွေ ပြောင်မြောက်တယ်ဗျ။ နှစ်သက်ပါတယ်ဗျာ။

Apprenticeship said...

အင်းနော်... ဘူတာတွေမကုန်းနိုင်ဘူး။ ခရီးသွားနေရတုံးပါပဲ.. :)

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.